Skip to main content

အလံအငှားတင်ခြင်းက သင်္ဘောသားများအတွက် မည်သို့သက်ရောက်မှုရှိသနည်း

အလံအငှားတင်ခြင်းက သင်္ဘောသားများအတွက် မည်သို့သက်ရောက်မှုရှိသနည်း

FOC သင်္ဘောများတွင် လူတိုင်းရရှိသင့်သည့်အနိမ့်ဆုံးအခြေခံအဆင့်ကိုပင်မသတ်မှတ်ထားသောကြောင့် ယင်းသင်္ဘောတွင် လုပ်ကိုင် ရသောသင်္ဘောသားများသည် ၎င်းတို့၏အခြေခံလူ့အခွင့်အရေးနှင့်အလုပ်သမားသမဂ္ဂဆိုင်ရာအခွင့်အရေးများကိုပင်မရသည့်အခါများ ရှိသည်။ ယင်းအချက်ကပင်သင်္ဘောပိုင်ရှင်များကိုဆွဲဆောင်နေသည့်အချက်ဖြစ်သည်။ သင်္ဘောပေါ်တွင်သတ်မှတ်ထားသော စည်းကမ်းချက်များမှာ အလံမှတ်ပုံတင်ထားသည့်နိုင်ငံ၏သတ်မှတ်ချက်အတိုင်းသာ ဖြစ်သည့်အတွက် သင်္ဘောသားတို့၏ မိခင်နိုင်ငံများမှာလည်း၎င်းတို့ကိုအပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိပေ။ FOC သင်္ဘောသားအများစုမှာလည်း သမဂ္ဂအဖွဲ့ဝင် ထားခြင်းမရှိသောကြောင့် သင်္ဘောပေါ်တွင်ဖြစ်ပျက်သမျှကိစ္စတို့အတွက် သမဂ္ဂ၏ထောက်ပံ့ပေးနိုင်မှုမှာလည်းထင်သလောက် ခရီးမရောက်တတ်ပေ။

ကျွန်တော်တို့ နေ့စဉ်စားသုံးနေရတဲ့ ဆန်စပါးနဲ့ ရေခဲရိုက်အသားတွေအပြင် အသီးအနှံအတွက်ငှက်ပျောသီးကစလို့ မရှိမဖြစ်လိုအပ်တဲ့ လောင်စာဆီ၊ဂက်စ်နဲ့ အဝတ်အထည်ပြုလုပ်ရာမှာလိုအပ်တဲ့ပစ္စည်းတွေအထိလိုအပ်တဲ့အရာမှန်သမျှကို ကမ္ဘာအနှံ့ သယ်ယူပို့ ဆောင်ပေးနေတဲ့သူတွေဖြစ်လို့ သင်္ဘောသားတွေဟာ ကျွန်တော်တို့အတွက်အသက်တမျှအရေးပါတဲ့သူတွေပါ။ သူတို့တွေဟာ မျက်စိနဲ့မမြင်နိုင်တဲ့အလုပ်သမားတပ်ဖွဲ့ကြီးလို့ဆိုရင်လည်းမမှားပါဘူး။ ပင်လယ်ပြင်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်မှုကနေ အလှမ်းဝေးနေတာကြောင့် သင်္ဘောသားတွေကိုမတရားလုပ်နေတဲ့ ပိုင်ရှင်တွေကို အရေးမယူနိုင်ပဲဖြစ်နေတာပါ။

အလံအငှားတင်တာကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို လုပ်လာတာဟာ ခုဆိုရင် ၅၅ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ITF က သံသယရှိတဲ့ သင်္ဘောတွေကိုစုံစမ်းဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေချိတ်ဆက်ထားတဲ့ကွန်ယက်တစ်ခုကိုဖွဲ့စည်းထားပါတယ်။ သူတို့ရဲ့ အစီရင်ခံစာမှာ သင်္ဘောသားတွေမတရားဖိနှိပ်ခံရတာတွေကို အောက်ပါအတိုင်းရေးသားထားပါတယ်။

   လုပ်ခလစာအလွန်နည်းခြင်း
   လုပ်ငန်းခွင်အခြေအနေဆိုးရွားခြင်း
   အစားအသောက်နှင့်သောက်ရေလုံလောက်စွာမရခြင်း
   သင့်လျော်သည့်နားချိန်မရှိပဲ အချိန်ကြာမြင့်စွာလုပ်ကိုင်ရသည့်အတွက် ပင်ပန်းနွမ်းနယ်ပြီးစိတ်ဖိစီးမှုများခြင်း

လုံခြုံစိတ်ချရမှုမရှိခြင်း

FOC သင်္ဘောများသည် ကမ္ဘာပေါ်ရှိအခြားသောသင်္ဘောများတွင်ရှိသည့် ယေဘုယျသက်တမ်းထက် ပို၍အိုဟောင်းနေသော သင်္ဘောများဖြစ်သည်။ စိတ်ပျက်ဖွယ်ကောင်ပြီး စံချိန်မမီတော့သောဟောင်းနွမ်းနေသည့်သင်္ဘောများပေါ် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေများကို ကြံ့ကြံ့ခံကာလုပ်ကိုင်နေကြရသောသင်္ဘောသားအရေအတွက်မှာ ထောင်ပေါင်းများစွာ ရှိနေ ပြီဖြစ်သည်။ Port State Control အာဏာပိုင်များဖမ်းဆီးထိန်းသိမ်းထားသည့် FOC သင်္ဘောများတွင် သက်တမ်းလွန်ပြီး ဟောင်းနွမ်းကာပြုပြင်ထိန်းသိမ်းခြင်းမရှိတော့သော မောင်းနှင်ရန်မသင့်တော်သည့် သင်္ဘောများပါဝင်သည်။ ယင်းသို့သော သင်္ဘောများကို “ပေါလောမျောနေသော ခေါင်းတလားများ” ဟုခေါ်ဆိုတတ်ကြသည်။

ကာကွယ်ပေးနိုင်မှုမရှိခြင်း

ဘေးကင်းလုံခြုံရေးဆောင်ရွက်မှုအားနည်းပြီး စိတ်မချရသည့်သင်္ဘောများကြောင့် ပင်လယ်ပြင်တွင်လုပ်ကိုင်ရသည့်အလုပ်သည် ရှိရှိသမျှအလုပ်များတွင် အန္တရာယ်အရှိဆုံးအလုပ်ဖြစ်လာသည်။ ယင်းသို့အန္တရာယ်ရှိသည့်အခြေအနေတွင် လုပ်ကိုင်ရသောကြောင့် ပင်လယ်ပြင်တွင်သေဆုံးသူဦးရေမှာ တစ်နှစ်လျှင် အယောက် ၂၀၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။ မတော်တဆမှုများမကြာခဏ ဆိုသလို ဖြစ်ပွားနေသော်လည်း သင်္ဘောပိုင်ရှင်များမှာ ကုန်များကိုတင်ပို့နေကြဆဲဖြစ်ပြီး  ကုန်ပို့နောက်ကျမှုအတွက်ကျသင့်သည့် ကုန်ကျစရိတ်မှာလည်း ၎င်းတို့အတွက် ကြီးမားသည့်ပြဿနာပင်ဖြစ်သည်။

နစ်နာဆုံးရှုံးရသည့်သင်္ဘောသားများကိုယ်တိုင်မှာမူ နစ်နာကြေးရရှိရန်မှာ မလွယ်ကူသေးပေ။ အားပြင်းလှသည့်လောကဓံရိုက်ချက် သည် ဘဝတစ်ခုလုံးကိုပျက်စီးစေပြီး သင်္ဘောလိုက်သည့်အလုပ်ကိုပါအဆုံးသတ်စေသည့်အပြင် ပုံမှန်လည်ပတ်နေသည့် မိသားစု စီးပွားရေးကို ဓားပြတိုက်သလိုဆုံးရှုံးသွားစေနိုင်သည်။ ယင်းသို့သောဖြစ်ရပ်များကို ITF ကတရားရုံးတွင် တရားစွဲဆိုသော်လည်း အဓိကတာဝန်ရှိသူများအား သင်္ဘောနှင့်၎င်းတို့၏သင်္ဘောသားများအတွက် တာဝန်ယူစေရန်မကြိုးစားမီ ကုမ္ပဏီ၏ရှုပ်ထွေးလှ သောအချက်အလက်များကို အရင်ဖြေရှင်းရသည့်အခါများရှိသည်။

လစာပေးချေမှုမရှိခြင်း

ITF ကနေ့စဉ်ကြားနေရသည်မှာ ကြွေးလည်ပင်းရစ်နေသည့်သင်္ဘောသားများသတင်းဖြစ်ပြီး အချို့မှာ လစာလုံးဝ မရကြ ကြောင်း သိရသည်။ တစ်ခါတစ်ရံတွင် ကုမ္ပဏီကကြန့်ကြာနေခြင်း သို့မဟုတ် ပျက်ကွက်ခြင်းနှင့် မိသားစုထံပို့ပေးရန်တောင်းဆိုရာတွင် မပို့ပေးပဲထားခြင်းတို့ဖြစ်သည်။ သင်္ဘောသားများကိုလစာပေးချေမည်ဆိုသောကတိကို တရားဝင်လက်မှတ်ထိုးထားခြင်းမရှိပဲ လများစွာကြာနေသည့်ကိစ္စများလည်းရှိသည်။ လစာမရသဖြင့် အိမ်မပြန်နိုင် ပဲအလုပ်ကိုကျိတ်မှိတ်ပြီးဆက်လုပ်နေရသူများလည်း ရှိသည်။

တန်ဖိုးထားခံရမှုမရှိခြင်း

သင်္ဘောပေါ်တွင် ပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရသော်လည်း တိုင်တန်းရန်ကြောက်ရွံ့နေသူများလည်းရှိသည်။ ITF သို့မဟုတ် PSC စစ်ဆေးရေးမှူးများကိုတိုင်တန်းသည့် သင်္ဘောသားများ၏အလှည့်ကိုကျော်ပြီး လစာမပေးပဲထားသော တာဝန်ယူမှုမရှိသည့် သင်္ဘောကိုယ်စားလှယ်များလည်းရှိသည်။

သင်္ဘောသားစာအုပ်တွင် ITF ကိုတိုင်တန်းသူအဖြစ်မှတ်ချက်ရေးသည်မှာ ကပ္ပတိန်တို့လုပ်နေကျအရာပင်ဖြစ်သည်။ ယင်းသို့ မှတ်ချက် ရေးခံရသောသင်္ဘောသားသည် ယင်းကုမ္ပဏီပိုင်သင်္ဘောတွင်အလုပ်ထပ်ရတော့မည်မဟုတ်ပေ။ အချို့မှာ အိမ်ရောက်သည့်အချိန်တွင် ထောင်ချခံရသည့်အဖြစ်များလည်းရှိသည်။ တရုတ်ကုမ္ပဏီတို့တွင် ဈေးပေါသည့်အလုပ်သမားရင်းမြစ်များပိုမိုများပြားလာသောကြောင့်  လုပ်ငန်းခွင်အခြေအနေနှင့်လစာနှုန်းထားတို့မှာပိုမိုဆိုးရွားလျက်ရှိသည်။

မည်သည့်နိုင်ငံသားမဆို ပိုမိုကောင်းမွန်သည့်လုပ်ငန်းခွင်အခြေအနေများဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ဖြင့် ITF က FOC သင်္ဘောများကို ဆန့်ကျင်သည့်လှုပ်ရှားမှုများကိုလုပ်ဆောင်ကြခြင်းဖြစ်သည်။ စုပေါင်းညှိနှိုင်းသဘောတူညီချက်များအရ FOC သင်္ဘောများနှင့် ပတ်သက် သည့် စည်းမျဉ်းများကို ITF ကချမှတ်ခြင်းမရှိပါက ထောင်သောင်းချီသောသင်္ဘောသားများကို ကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့သို့ ရသင့် သည့် အခွင့်အရေးများကိုလည်းလက်လွတ်ရမည်ဖြစ်သည်။

စံချိန်စံညွှန်းမီလုပ်ငန်းခွင်အခြေအနေများရရှိရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက်အောင်မြင်ရေးတွင် အလုပ်သမား သမဂ္ဂများက အရေးပါသည့်အခန်းကဏ္ဍကပါဝင်သည်။ နိုင်ငံအလိုက်ချမှတ်ထားသည့်စည်းကမ်းဥပဒေများကို အခြားနိုင်ငံများတွင် ရုံးခွဲများရှိသည့် အောင်မြင်နေသောမည်သည့်ကုမ္ပဏီကြီးကမဆို ချုပ်ကိုင်ပြီးအမှုပေါ့လျော့အောင်လုပ်နိုင်သောကြောင့် နိုင်ငံတကာရှိ အလုပ်သမားသမဂ္ဂ များမှ ခိုင်မာပြတ်သားသည့်သမဂ္ဂစိတ်ဓာတ်ရှိရန်အရေးကြီးသည်။ ထိုသို့မဟုတ်ပါက သင်္ဘောသားတို့၏ လုပ်ငန်း ခွင်မှာ ယခင်ကထက် ပိုမိုဆိုးရွားလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။